ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း ယာယီစခန်းများ တည်ဆောက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

‌နေပြည်တော် ဇူလိုင် ၉

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က တိုက်ပွဲရှောင်ပြည်သူများ ဖြစ်သော တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ အတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများအတွက် ယာယီခိုလုံရန် နေရာများကို အစိုးရက တာဝန်ယူ၍ ဆောက်လုပ်ပေး လျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ညှိနှိုင်းကာ လိုအပ်သော ယာယီစခန်းများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ယာယီနေထိုင်ရန် အတွက်သာ ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် ဇန်နဝါရီမှ စတင်၍ လစဉ် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယာယီ နေထိုင်ရန် အဆောက်အဦများကို ပြည်နယ်အစိုးရ ရန်ပုံငွေနှင့် အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေ တို့ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် လိုအပ်ချက်များ ရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆွေးနွေး အကြုံပြုပေးကြပါရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုက်ပွဲရှောင်ပြည်သူများ၏ ယာယီခိုလုံမှု အခြေအနေ၊ ရိက္ခာရရှိမှုနှင့် လက်ကျန်အခြေအနေ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေ၊ တွဲဖက်ပညာသင်ကြားနေမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ယာယီစခန်းများ ဆောက်လုပ်ရန် မြေနေရာ လျာထားမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်က UEHRD ၏ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ထောက်ပံ့ ကူညီမှုများ လိုအပ်လျက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့ပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး အခြေအနေ၊ နေရပ်စွန့်ခွာခြင်းမပြုပဲ ကျန်ရှိသူများအား နေရာချထားရေးနှင့် ကူညီထောက်ပံ့မှုပေးရေး တို့ကို ဆက်လက်ဆွေးနွေးရာ အာဆီယံ နိုင်ငံများက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မည့် စီမံချက်များ၊ နိုင်ငံတကာနှင့် မိတ်ဆွေနိုင်ငံများက UEHRD မှတဆင့်ထောက်ပံ့ ကူညီကြမည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည် ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)