ပြည်တွင်းသတင်းဌာန ၁၂ ခုမှ သတင်းမီဒီယာသမားများ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းကို သွားရောက် ကွင်းဆင်းသတင်းရယူ

ပြည်တွင်းသတင်းဌာန ၁၂ ခုမှ သတင်းမီဒီယာသမားများ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းကို သွားရောက် ကွင်းဆင်းသတင်းရယူ

မောင်တော နိုဝင်ဘာ ၁၆

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့်သတင်းများ ရယူရန်အတွက် ပြည်တွင်းသတင်းဌာန၁၂ ခုမှ သတင်းမီဒီယာသမားများပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် စစ်တွေမြို့မှတစ်ဆင့် ဆက်လက်ထွက်ခွာရာ မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်သို့ရောက်ရှိပြီး လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းတို့ကို သွားရောက်သတင်း ရယူကြ သည်။

ရှေးဦးစွာ ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ရောက်ရှိကြပြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တွေ့ဆုံ၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် အသင့်ဖြစ်နေမှု၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ကြန့်ကြာနေမှု၊ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု၊ လက်ရှိ နယ်မြေတည်ငြိမ် အေးချမ်းမှု၊ လွတ်လပ်စွာသွားလာခွင့်ပြုထားမှု၊ လူနေအိမ်များ ဆောက်လုပ်ပေးနေမှု၊ မောင်တောဒေသ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းသတင်းရယူကြသည်။

ထို့နောက် ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည်မောင်တောမြို့နယ်ရှိ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအတွက် တည်းခိုနေထိုင်ရန် အသင့်ပြင်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုလေ့လာ သတင်းရယူကြသည်။

ယင်းနောက် လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့်တွေ့ဆုံ၍စခန်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို မေးမြန်းသတင်းရယူကြရာ စခန်းတာဝန်ခံက လှဖိုးခေါင်စခန်း၌ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများ တည်းခိုနေထိုင်ရန် အဆောက်အအုံ၊သောက်သုံးရေ၊ လျှပ်စစ်မီး၊ မိလ္လာများ အသင့်ပြင်ဆင်ထားမှုအပြင် ၎င်းတို့ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးမည့်အစီအစဉ်၊ ဆေးပေးခန်း၊ ယာယီ စာသင်ကျောင်း နှင့် ကလေးကစားကွင်းများ တည်ဆောက်ပေးထားသည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက် လေ့လာ သတင်းရယူကြသည်။

ယနေ့ မောင်တောဒေသသို့ သွားရောက်သတင်းရယူကြသည့် သတင်းဌာန ၁၂ ခုမှာ Mizzima TV၊Irrawaddy၊ The Daily Eleven၊ Myanmar Times၊ Forever၊ DVB၊ Sky Net၊ Frontier၊ MRTV၊ mitv၊ mntv၊ MNA တို့ဖြစ်ကြသည်။

သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၂၈ ကြိမ် ရှိသွားပြီဖြစ်ကြောင်းသိရသည်။

သတင်းမီဒီယာအဖွဲ့များအား အရေးပေါ်ကာလတွင် သတင်းများရယူထုတ်ပြန်နိုင်ရေး စေလွှတ်မှု ခြောက်ကြိမ်၊ ကာကွယ်ရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် စေလွှတ်မှု တစ်ကြိမ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် စေလွှတ်မှု ခြောက်ကြိမ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစီအစဉ်ဖြင့်စေလွှတ်မှု တစ်ကြိမ်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအစီအစဉ်ဖြင့် စေလွှတ်မှု တစ်ကြိမ်၊ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ကြိမ် ဖြင့် ပြည်တွင်း၊ ပြည်ပမီဒီယာများအား စေလွှတ်မှု ၁၃ ကြိမ်ရှိကြောင်း သတင်းရရှိသည်။

Tags