ပဉ္စမအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပ

နေပြည်တော် ဇွန် ၁၄

ပဉ္စမအကြိမ်မြောက် မြန်မာ-အီးယူလူ့အခွင့်အရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ကျင်းပသည်။

ဆွေးနွေးပွဲသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်နှင့် ယခင် အိုင်ယာလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt အပါအဝင် အီးယူ ကိုယ်စားလှယ် အဖွဲ့ဝင် အဆင့်မြင့် အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ အီးယူ အဖွဲ့ဝင်နိုင်ငံ သံရုံးအချို့တို့မှ သံတမန် များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သော အလုပ်သမားအခွင့် အရေး၊ အမျိုး သမီး၊ ကလေးသူငယ်၊ ရွှေ့ပြောင်းသွားလာသူများနှင့် မသန်စွမ်းသူများ ၏ အခွင့်အရေး၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ အခြေအနေများ၊ အခြေခံ လူ့အခွင့်အရေး များရရှိရေး၊ စီးပွားရေးနှင့် လူမှုရေးအခွင့် အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ အမုန်းတရား လှုံ့ဆော်မှုများ ကာကွယ်တားဆီးခြင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ မျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာ စာချုပ်များသို့ မြန်မာနိုင်ငံမှ ဝင်ရောက်မှု၊ စာချုပ်များအား အကောင်အထည် ဖော်မှုအခြေအနေနှင့် တိုင်းရင်းသား များ၏ အခြေခံ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် မြန်မာနှင့် ဥရောပသမဂ္ဂ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့တို့ အကြား ဆွေးနွေးညှိနှိုင်းနေမှုနှင့် တိုးတက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)