ရခိုင်ပြည်နယ်၊ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်၊ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏

သတင်းထုတ်ပြန်ချက်

( ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၄  ရက် )

၁။ရခိုင်ပြည်နယ်၊  မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်သည် တာဝန်ပေးအပ်ခဲ့သည့် ၁-၁၂-၂၀၁၆ ရက်နေ့မှ ယနေ့အထိ အစည်းဝေးအကြိမ်ပေါင်း ( ၉ ) ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ မောင်တောဒေသသို့ အောက်ပါအတိုင်း ( ၃ )ကြိမ် သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်-

          (က)    ပထမအကြိမ် ကွင်းဆင်းစစ်ဆေးခြင်း

                   ( ၁၁ - ၁၂ - ၂၀၁၆ ရက်နေ့မှ ၁၃ - ၁၂ - ၂၀၁၆ ရက်နေ့အထိ )

          ( ခ )   ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်း

                   ( ၆ - ၁ - ၂၀၁၇ ရက်နေ့မှ ၈ - ၁ - ၂၀၁၇  ရက်နေ့အထိ )

          ( ဂ )   တတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်း

                   ( ၁၀ - ၂ - ၂၀၁၇ ရက်နေ့မှ ၁၇ - ၂ - ၂၀၁၇ ရက်နေ့အထိ)

၂။ကော်မရှင်သည် ပထမအကြိမ်၌ အခင်းဖြစ်ပွားခဲ့သော ကျေးရွာနှင့် စခန်းပေါင်း (၁၄) ခု၊ ဒုတိယ အကြိမ်၌ ကျေးရွာနှင့် စခန်းပေါင်း (၅) ခု စုစုပေါင်းကျေးရွာနှင့် စခန်းပေါင်း(၁၉) ခုသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ တတိယအကြိမ်၌ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ အစီရင်ခံစာပါအချက်အလက်များကို စုံစမ်းစစ်ဆေးနိုင်ရန် နစ်နာထိခိုက်မှုရှိသည်ဆိုသော ကျေးရွာပေါင်း ( ၂၀ ) ရွာကို ခက်ခဲစွာ ထပ်မံသွားရောက်၍ အသေးစိတ် အချိန်ယူပြီး စုံစမ်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ ကော်မရှင်သည် ၂၀ - ၂ - ၂၀၁၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း၌ ဖြစ်ပျက်ခဲ့သော အခြေအနေများနှင့် စပ်လျဉ်း၍ မိမိတို့ပြည်တွင်းရှိ မူဆလင်ကျေးရွာများသို့ သွားရောက်ကွင်းဆင်းတွေ့ရှိချက်များကိုလည်း ကော်မရှင်၏ အစီရင်ခံစာ၌ အရှိကိုအရှိတိုင်း လွတ်လပ်စွာ ဘက်လိုက်မှုမရှိဘဲ ပြည့်စုံစွာ ဖော်ပြရန် ပြုစုလျက်ရှိပါသည်။

၄။သို့ရာတွင် မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသော မူဆလင်များကို တွေ့ဆုံမေးမြန်း၍ ၎င်းတို့ ရသင့်ရထိုက်သော တရားဥပဒေပါ အခွင့်အလမ်းများကို ဆုံးရှုံးမှု မရှိစေဘဲ ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု အသေးစိတ်တို့ကို ပိုမိုလေ့လာသိရှိရန်တို့အတွက် ကော်မရှင်သည် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ဆောလျင်စွာ သွားရောက်နိုင်ရန် နှစ်နိုင်ငံအစိုးရအချင်းချင်းအကြား ညှိနှိုင်းဆက်သွယ် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။