ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ လာရောက်သည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ငပလီကမ်းခြေအနီး ဒေသများ လေ့လာ

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ လာရောက်သည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ငပလီကမ်းခြေအနီး ဒေသများ လေ့လာ

သံတွဲ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေတွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ လာရောက်သည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များသည် ယနေ့ နံနက်ပိုင်းက သံတွဲမြို့နယ် ငပလီကမ်းခြေနှင့် ဂွမြို့နယ်အနီးတစ်ဝိုက်ရှိ ကမ်းခြေအသစ် ဖော်ဆောင်နေသည့်နေရာများ၊ ရေလုပ်ငန်းနှင့် အအေးခန်းစက်ရုံများသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ကြသည်။

“ရေလုပ်ငန်း စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေက ငါး၊ ပုစွန်၊ အအေးခန်းစက်ရုံနဲ့ တံငါရွာတွေကို သွားတယ်။ခရီးသွားလုပ်ငန်း စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေက ကမ်းခြေသစ်တွေကိုအဖွဲ့ခွဲပြီး သွားရောက်လေ့လာကြတာ ဖြစ်ပါတယ်”ဟု လေ့လာရေးခရီးစဉ်အဖွဲ့မှ ကိုဉာဏစိုးက ပြောသည်။

ပုစွန်သားဖောက်လုပ်ငန်း လေ့လာ

ယနေ့ သွားရောက်သည့် လေ့လာရေးခရီးစဉ်တွင် သံတွဲမြို့နယ်အတွင်းရှိပုစွန် အအေးခန်းစက်ရုံနှ င့် တံငါရွာ၊ဂွမြို့နယ်အတွင်းရှိ ပုစွန်သားဖောက်လုပ်ငန်းသို့ လည်းကောင်း၊ မောင်ရွှေလေးနှင့် မော်ရုံကမ်းခြေရှိ နေရာများ၊ ကမ်းသာယာကမ်းခြေ အပါအဝင်ကမ်းခြေသစ် ဖော်ဆောင်မည့် နေရာများသို့ လည်းကောင်း၊ ဟိုတယ်ဇုန်စီမံကိန်းများသို့ လည်းကောင်း သွားရောက်လေ့လာကြသည်။

ရင်းနှီးမြှုပ်နှံမှု အလားလာရှိ

လေ့လာရေးခရီးနှင့် ပတ်သက်၍ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထူးမင်းသိမ်းက“ရခိုင်ပြည်နယ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအလားလာရှိတဲ့၊ လုပ်ငန်းဆောင်ရွက်လို့ ရနိုင်တဲ့နေရာတွေကို မျက်မြင်ကိုယ်တွေ့တွေ့ ပြီး ဒီမှာ လာရောက် လုပ်ငန်းဆောင်ရွက်ဖို့ကို လုပ်ငန်းရှင်တွေအနေနဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်။ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မယ့် နေရာတွေကိုစဉ်းစားဆုံးဖြတ်လို့ ရနိုင်မယ်။ နောက်ပြီးစက်ရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ အဆင့်မြှင့်တင်ပြီး ဆက်လုပ်ချင်တာပဲဖြစ်ဖြစ်သူတို့ ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့မှ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း၊ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ တွင်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများက အများဆုံးဆောင်ရွက်လျက်ရှိကြောင်းရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်နိုင်ရန်

အဆိုပါ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအား အလားအလာရှိသည့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဂျပန် ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း(JETRO ) ၊ Myanmar Survey Research Co., Ltd. (MSR)နှင့် ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Tags