ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့ဝင်များ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ

စစ်တွေ မေ ၁၀

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့်တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးညီလှငယ်၊ ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အထူးဖိတ်ကြားထားသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးစိုးအောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က အမှာစကားများပြောကြားသည်။

 

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

တွေ့ဆုံပွဲတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မကြာမီရောက်ရှိလာတော့မည့် မိုးရာသီကာလအတွင်း တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက် ယာယီအဆောက်အအုံများ ဆောက်လုပ်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအတွင်းရေးမှူးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်အား တာဝန်ပေးအပ်ပြီး ကော်မတီ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ရေးဆောင်ရွက်မည့် အစီအမံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့လှူဒါန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဒုတိယဝန်ကြီး ဦးတင်မြင့်တို့က သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

(သတင်းစဉ်)