ရခိုင်ပြည်နယ်အရေးကိစ္စကို လွဲမှားစွာပုံဖော်ထားသည့် အိုအိုင်စီနှင့် အီးယူတို့မှ တတိယကော်မတီသို့ ပူးတွဲတင်သွင်းသော နိုင်ငံရေးအရဖိအားပေးသည့် ဆုံးဖြတ်ချက်အဆို (မူကြမ်း)ကို မြန်မာနိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်

နေပြည်တော် နိုဝင်ဘာ ၁၅

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှု ကော်မတီ) အစည်းအဝေးတွင် မြန်မာနိုင်ငံ၊ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ ယူကရိန်းနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့နှင့် သက်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအား ဦးတည်ချမှတ်သည့် ဆုံးဖြတ်ချက်အဆို (မူကြမ်း) (၅) ခုကို အရေးယူဆောင်ရွက်ခဲ့သည်။

အိုအိုင်စီနှင့် အီးယူတို့မှ ပူးတွဲတင်သွင်းသည့် နိုင်ငံရေးအရ ဖိအားပေး သည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်အဆို(မူကြမ်း)ကို မဲခွဲဆုံးဖြတ်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုခဲ့ပြီး ယင်းဆုံးဖြတ်ချက် အဆို(မူကြမ်း)အပေါ် ကန့်ကွက်မဲပေးခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးက ဆုံးဖြတ်ချက် အဆို(မူကြမ်း) အရေးယူဆောင်ရွက်ခြင်းမပြုမီ အထွေထွေမိန့်ခွန်းနှင့် မဲခွဲဆုံးဖြတ်ပြီးနောက် မဲရလဒ်အပေါ်တုံ့ပြန်သည့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

အထွေထွေမိန့်ခွန်းတွင် အမြဲတမ်းကိုယ်စားလှယ်က အဆိုမူကြမ်းသည် ရှုပ်ထွေးသော ရခိုင်ပြည်နယ်အရေးကိစ္စကို ဆိုးဆိုးရွားရွား လွဲမှားစွာ ပုံဖော်ထားကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် ဘာသာရေးဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ပြဿနာမဟုတ်သကဲ့သို့ အသိုက်အဝန်းတစ်ခုကို နိုင်ငံအတွင်းမှ မောင်းထုတ်လိုက်သည့် လုပ်ရပ်မျိုးလည်း မဟုတ်ကြောင်းနှင့် ပြဿနာသည် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှု၊ ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး လျော့ရဲမှု စသည်တို့အပါအဝင် ရှုပ်ထွေးသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က ဆုံးဖြတ်ချက်အဆို(မူကြမ်း)သည် မြန်မာနိုင်ငံကို အဆိုးမြင်စေရန် ပုံဖော်ထား သည့် ပူးတွဲအဆိုရှင်များ၏ နောက်ထပ်စိတ်ကြိုက် အာဘော်တစ်ခုမျှသာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ၏ အင်တိုက်အားတိုက် ကြိုးပမ်းဖြေရှင်းဆောင်ရွက်ချက်များကိုမူ လျစ်လျူရှုထားကြောင်း ထောက်ပြပြောကြားခဲ့သည်။

ဆုံးဖြတ်ချက်အဆို(မူကြမ်း)ကို မဲခွဲဆုံးဖြတ်ပြီးနောက်၊ မဲရလဒ်အပေါ် တုံ့ပြန်ပြောကြားရာ၌ ဆုံးဖြတ်ချက်အဆို၏ မဲရလဒ်သည် နိုင်ငံတစ်နိုင်ငံအား ဦးတည်ချမှတ်သည့် ဆုံးဖြတ်ချက်အဆိုများသည် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုကို ဖြစ်ပေါ်စေသည့် အခြေအနေကို ထင်ဟပ်စေကြောင်း၊ နိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံရေးလိုအင်အတွက် အခြားသောနိုင်ငံများကို မည်သို့ဖိအားပေးနိုင်ရန် အုပ်စုလိုက် မဲပေးသည့် အလေ့အထကို မည်သို့ အသုံးချခဲ့သည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံအနေဖြင့် ထပ်မံတွေ့ရှိရကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား လူ့အခွင့်အရေးအခြေအနေများကို ခွဲခြားဆက်ဆံသည့် ယခုကဲ့သို့ နိုင်ငံတစ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံသည့် ဆုံးဖြတ်ချက် အဆို(မူကြမ်း)မျိုးကို အတည်ပြုခြင်းမှာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာ၌ နိုင်ငံများ၏အချုပ်အခြာ အာဏာ တန်းတူညီမျှ ရှိရမည်ဆိုသည့်အချက်ကို စောင့်ထိန်းလိုက်နာမှုမရှိခြင်း၊ မျှတမှုနှင့် သမာသမတ်ကျမှုမရှိခြင်း၊ စံနှုန်းနှစ်မျိုးနှင့်ခြွင်းချက်ထားသည့် မူဝါဒကိုကျင့်သုံးခြင်း၊ ပစ်မှတ်ထားရွေးချယ် ဆောင်ရွက်မှုတို့ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ဖိအားပေးပစ်မှတ်ထားသည့် ယင်းဆုံးဖြတ်ချက်အဆိုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းဖြင့် အမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ခဲ့သည်။