ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)မှ တာဝန်ရှိသူများအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)  ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်နှင့် စီမံခန့်ခွဲမှု အရာရှိချုပ် ဦးညီငြိမ်းအေးတို့အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့က ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ UEHRD ရုံး၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် UEHRD  ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ပံ့ ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး စီမံကိန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။