ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချ ထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၇

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချ ထားရေး နှင့် ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဥက္ကဋ္ဌ (၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ညှိနှိုင်းရေးမှူးချုပ်ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD ကော်မတီစီမံခန့်ခွဲမှု အရာရှိချုပ် ဦးညီငြိမ်းအေး နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော်မတီအနေဖြင့် လူသားချင်း စာနာမှု အကူအညီများကို ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ UEHRD အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲ ကိစ္စများရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရေးလုပ်ငန်းများတွင်လည်း စီမံကိန်း/စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
UEHRD ကော်မတီ၏ ရန်ပုံငွေများအား သုံးစွဲဆောင်ရွက်ကြရသည့် ဌာန/အဖွဲ့ အစည်းများ၊ လုပ်ငန်း အဖွဲ့များ အနေဖြင့် ငွေကြေးသုံးစွဲမှုများကို စာရင်းစစ်ဆေးခံယူ လျက်ရှိပါ ကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတကာစာရင်းစစ်ဆေး ရေးအဖွဲ့က စာရင်းစစ်ဆေး ခံနိုင်ရေးအတွက် လည်း ပူးပေါင်းဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းစဉ်များသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ကာလတိုလုပ် ငန်းများကို အောင်မြင် ထိရောက်အောင်ဆောင်ရွက်နိုင် ရေး သည်လည်း အရေးကြီးပါကြောင်း၊ အာဆီယံ အနေဖြင့်ပြန် လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကနဦး လိုအပ်ချက်ဆန်းစစ် လေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်မည့် နယ်ပယ် များဖော်ထုတ်ပေး ခဲ့ပါကြောင်း၊ အဆိုပါနယ်ပယ်များမှာ ပြန်လည် လက်ခံရေးနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သတင်းအချက်အလက်များဖြန့်ဝေရေးနှင့် အခြေခံပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရေးတို့တွင်အာဆီယံအနေဖြင့် ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ UEHRD ကော်မတီအနေဖြင့် အာဆီယံနှင့် ပူးပေါင်းပြီးဆောင်ရွက် သွားကြရ မည်ဖြစ်ပါကြောင်း။
ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNHCR က အာဆီယံ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများတွင် ပံ့ပိုးကူညီ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းနေရပ်စွန့်ခွာသူများ အား ပြန်လည်ထူထောင် ပေးသည့်အခါ လူမှုသဟဇာတ ဖြစ်ရေးနှင့် တရားဥပဒေစိုးမိုးရေး (Rule of Law) ကို အလေးထားဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများ ၏ စိတ်ဓာတ် နှင့်ခံယူချက်များပြောင်းလဲရန်မှာ ၎င်းတို့ နေထိုင်ရာ ဒေသ၏ ဘာသာစကားတတ် မြောက်ခြင်း၊ ပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာမှု ရှိခြင်းတို့ အထူးလိုအပ်ပါကြောင်း၊ UEHRD ကော်မတီ၏ အစည်းအဝေးဆွေးနွေး ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များ နှင့်ရှေ့လုပ်ငန်း စဉ်များကို လည်း ကော်မတီဥက္ကဋ္ဌင့် ပြည်သူများသိရှိနိုင်ရန် အတွက် အမြန်ဆုံးတင်ပြဆောင်ရွက်ရန် အရေးကြီး ပါကြောင်း ပြောကြားသည်။
ယင်းနောက်တွင် ဒုတိယဥက္ကဋ္ဌ (၂)၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
 

​နေပြည်တော်