ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်များအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်

နေပြည်တော် ဧပြီ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးဒုက္ခကြုံတွေ့ရသူများကို စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ အပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဘေးသင့်သူများ၏ လိုအပ်ချက်များအရ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ ခြင်းကို ဝန်ကြီးဌာနအပြင် ဆက်နွယ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်သူများကို လတ်တလော စားဝတ်နေရေး ပြေလည်သက်သာရန် ကူညီ ပံ့ပိုးပေးလျက်ရှိသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် မြို့နယ် (၆)မြို့နယ်ရှိ ယာယီခိုလှုံရာ စခန်း ၁၀၂ ခု၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်အထိ တိုက်ပွဲရှောင်အိမ်ထောင်စု ၆၀၀၀ ကျော်နှင့် လူဦးရေ ၂၆၀၀၀ ကျော် ရောက်ရှိခိုလှုံခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်း မှုဖြင့် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးမှူးရုံးသည် ပြည်နယ်အစိုးရ အဖွဲ့၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများ နှင့်ပူးပေါင်း၍ ဘေးသင့်သူများလက်ဝယ်သို့ဖြစ်စေ၊ အနီးဆုံးစုရပ်သို့ဖြစ်စေ၊ ယာယီခိုလှုံရာစခန်းများမှ တစ်ဆင့်ဖြစ်စေ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ကွင်းဆင်းထောက်ပံ့မှုအပြင် ပြည်ထောင်စုအဆင့်မှ ကွင်းဆင်းဆောင်ရွက်မှုများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့များနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွင်း၌ တိုက်ပွဲရှောင်များထံ ကွင်းဆင်းတွေ့ဆုံ၍ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် စောင်၊ ပလတ်စတစ်ဖျာနှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေများကို ပံ့ပိုးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်အထိ ငွေကျပ်သိန်းပေါင်း ၄၀၀၀ ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ် ရေးပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီး အဆိုပါမြို့နယ်များအတွင်း နေထိုင်သူများမှ စားနပ်ရိက္ခာ အခက်အခဲရှိကြောင်း သတင်းပို့လာပါက ထောက်ပံ့ပေးနိုင်ရေးအတွက်လည်း စီစဉ်ထားရှိပြီးဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ၊ ဖက်ဒရေးရှင်းတို့ ပါဝင်သည့် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) တို့ကို ညှိနှိုင်းဆောင်ရွက်လျက် ရှိရာ ဧပြီ ၂ ရက်အထိ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် တိုက်ပွဲရှောင် လူဦးရေ နှစ်သောင်း ခန့်အတွက် စားနပ်ရိက္ခာအပြင် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် တာပေါ်လင်စ၊ ခြင်ထောင်၊ အိပ်ယာ၊ ကျား/မလုံချည်၊ Family Kit ၊ Hygiene Kit ၊ Kitchen Set များ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေဖြင့် မင်းပြားမြို့နယ်ရှိ တိုက်ပွဲရှောင် နှစ်ထောင်ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များအား လူသား ချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်ချက်အရ ထောက်ပံ့လျက်ရှိသည့် အပြင် ကြက်ခြေနီလှုပ်ရှားမှု၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် တို့နှင့် ညှိနှိုင်းပေါင်းစပ် ထောက်ပံ့လျက် ရှိသည်။

ဒေသတွင်းနေထိုင်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုရရှိနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ရွေ့လျားဆေးပေးခန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များ ဖြန့်ဖြူးနိုင်ရန်ပြင်ဆင်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။