ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပေါ် တာဝန်ရှိသူတို့၏ သဘောထားအမြင်

 ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hote ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲကို မေ ၇ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ရခိုင် ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထား မှု အကူအညီပေးရေး၊ ပြန်လည် နေရာချထားရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် ပညာရှင်များက ဆွေးနွေးသွားကြမည်ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တက်ရောက် လာကြသူများအား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဒေါက်တာဝင်းမြတ်အေး
ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

အစိုးရသစ်စတက်ကတည်းက ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးစားခဲ့တယ်၊ အဲဒီလိုကြိုးစားတဲ့အခါ အစိုးရအဖွဲ့ တက်တက်ချင်းမှာ ရေရှည်ပဋိပက္ခ ကင်းဝေးစေဖို့ဆိုတာ အရေးကြီးတဲ့ အချက် ဖြစ်တယ်။ ရေရှည်ပဋိပက္ခကင်းဝေးစေဖို့ဆိုတာ ပဋိပက္ခဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ တကယ့် အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး သိရရင် ပိုပြီး ဆောင်ရွက်နိုင်မယ်။ တိတိကျကျ တကယ့်ကို စနစ်တကျ ဆောင်ရွက်နိုင်မယ်လို့ ယူဆပြီးတော့ မစ္စတာ ကိုဖီအာနန် ကော်မရှင်ကိုဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပြီးတဲ့အခါမှာ အကြံပြုချက်တွေ ထွက်ပေါ် လာတယ်။ အကြံပြုချက်တွေထဲမှာ တကယ်ပဲ ရခိုင်ဒေသအတွက် အကျိုးရှိမယ့် ကိစ္စတွေ၊ နိုင်ငံ အတွက် အကျိုးဖြစ်မယ့်ကိစ္စတွေ ဒါတွေကို အကောင်အထည်ဖော် ခဲ့တယ်။

ဒီလိုအကောင်အထည်ဖော်ခဲ့တာ တစ်နှစ်ခွဲ လောက်ရှိသွားပြီ။ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ရင် ဒီကော်မရှင်မပေါ်ကတည်းက အစိုးရအဖွဲ့ ဖွဲ့ပြီးပြီးချင်းမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ ရေရှည်ပဋိပက္ခကင်းဝေးဖို့ ကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဗဟိုကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ဒီအကြံပြုချက်တွေ ကြည့်လိုက်တဲ့အခါ တကယ်လိုအပ်တဲ့အချက်တွေကို တွေ့ရှိရတယ်။ ဒါတွေကို ကျွန်တော်တို့က ဆက်ပြီးအကောင် အထည်ဖော်တယ်။

အကောင်အထည်ဖော်နေတဲ့ကြားမှာပဲ ပဋိပက္ခတွေကရှိနေတယ်။ ဒီထက်ပိုပြီးတော့ နယ်မြေလုံခြုံရေးကို ထိပါးလာတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဆက်လက်အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေက တကယ်ပဲ ဒေသအတွက် အကျိုးရှိမလားလို့ ဆန်းစစ်ကြည့် တော့ အကျိုးရှိနိုင်တဲ့ကိစ္စတွေ အများကြီး တွေ့ရတယ်။ ဒါကြောင့် အခက်အခဲကြားက ဆက်လက်ပြီး အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ အခက်အခဲကြားက အကောင်အထည် ဖော်ခဲ့သလို၂၀၁၉ မှာလည်း ဆက်လက်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး ဆက်အကောင်အထည်ဖော် ခဲ့တယ်။ ဒီလိုအကောင်အထည်ဖော်မှုတွေက ဘယ်လောက် ထိရောက်သလဲ၊ အကျိုးရှိသလဲ၊ ရှေ့ကို ဘယ်လိုဆက်လုပ်မလဲဆိုတာကို ကျွန်တော်တို့ ပြန်ပြီးသုံးသပ်ဖို့ လိုလာတယ်။ ဒါ့ကြောင့် ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ တကယ်အကောင်အထည်ဖော်တဲ့ နေရာမှာ တကယ့်ကိုအရေးကြီးတဲ့ အချက် အလက်တွေ၊ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသအကျိုးရှိမယ်။ နိုင်ငံအတွက် အကျိုး ရှိမယ့်ကိစ္စတွေကို ပြန်ပြီးသုံးသပ်ဆင်ခြင်တာပါ။ အားလုံးခြုံငုံပြီး သုံးသပ်တဲ့ပွဲဖြစ်ပါတယ်။

IDP နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ နေရပ် စွန့်ခွာတဲ့သူတွေ၊ ဒါက ရခိုင်တင်မကဘူး။ ကချင် မှာလည်းရှိတယ်။ ရှမ်းမှာလည်းရှိတယ်။ အခြား ဒေသတွေမှာလည်း ရှိတယ်။ ရခိုင်မှာလည်း ပြည်တွင်းနေရပ်စွန့်ခွာတဲ့ သူတွေရှိလာပြီး ဒီစခန်းတွေက တကယ်တမ်းဆိုရင် ယာယီပဲ ဖြစ်ရမယ်။ တကယ်တမ်း ကိုယ့်ရပ်ကိုယ့်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးကိုဆက်လက်ပြီး ဆောင်ရွက် နိုင်ဖို့အတွက်ဆိုရင် ဒီစခန်းတွေက ရေရှည်မရှိ သင့်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီစခန်းတွေကို စနစ်တကျ အဆင့်မီမီပိတ်သိမ်း ရေးဆိုတာ အမျိုးသားစီမံချက်ကြီးတစ်ရပ်အနေ နဲ့ (National Strategy)ကို ၂၀၁၈ မှာ ရေးဆွဲ ခဲ့တယ်။ အခုဆိုရင် ရေးဆွဲတဲ့ မဟာဗျူဟာက ပြီးသွားပါပြီ။ ပြီးသွားတဲ့အခါ လုပ်ငန်းစဉ်တွေ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်များသလဲ ဆိုရင် ရခိုင်ရော၊ ကချင်ရော၊ ရှမ်းမှာပါရှိတယ်။ အားလုံးနဲ့ ဆိုင်တယ်။ ရခိုင်တစ်ခုတည်းအတွက် ဆောင်ရွက်တာ မဟုတ်ပါဘူး။ ဆက်လက်ပြီး တော့ ဒီစခန်းတွေကို စနစ်တကျပိတ်သိမ်းနိုင်ရေး၊ စခန်းတွေရှိမယ်ဆိုရင် စနစ်တကျတည်ရှိရေး၊ စနစ်တကျပိတ်သိမ်းရေး ဒါတွေကို ဆောင်ရွက် နေပါတယ်။

ဦးအောင်ထူး
ဒုတိယဝန်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း ( UEHRD) ရဲ့ ရည်ရွယ်ချက်သုံးခုနဲ့ ပတ်သက်ပြီး ဒေါက်တာ အောင်ထွန်းသက်က ဆွေးနွေးမယ်။ ကျွန်တော် တို့က စီးပွားရေးရှုထောင့်ကနေ ဆွေးနွေးမယ်။ ဟိုဘက်မှာ ရောက်သွားတဲ့ ၄၂ ရာခိုင်နှုန်းက အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်တွေ ရှိတယ်။ ဒီလူတွေကို ထုတ်လုပ်မှုစွမ်းအားရှိတဲ့ ကုန်ထုတ် လုပ်မှုဆိုင်ရာ လုပ်သားအင်အားစုအဖြစ် စုစည်း နိုင်ရေး ဖြစ်ဖို့မှန်းတယ်။ ကျွန်တော်တို့က အလုပ် အကိုင်အခွင့်အလမ်းတွေ ရှာဖွေပေးမယ်ဆိုတာ က ရခိုင်မှာ နဂိုကတည်းက အလုပ်အကိုင်အခွင့် အလမ်းတွေရှိတယ်။ ရေနံထုတ်လုပ်တဲ့ လုပ်ငန်း တွေရှိတယ်။ ကျောက်ဖြူ စက်မှုဇုန်တွေရှိတယ်။ နောက်တခြားမှာလည်း စက်မှုဇုန်တွေရှိတယ်။ အဲဒီတော့ အဓိက ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးစေချင်တယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်း တွေလည်း ဖွံ့ဖြိုးစေချင်တယ်။ အဲဒီလုပ်ငန်းတွေ က တိုးတက်လာမယ်။

နောက်တစ်ခုက ရခိုင်ပြည်နယ်က တစ်ချိန် တုန်းက ဆန်စပါး အများဆုံး တင်ပို့ တဲ့နေရာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီအဆင့်အတန်းမျိုးကို ပြန်ပြီး တော့ ရောက်ချင်တယ်။ ရခိုင်မှာ မစိုက်ပျိုးနိုင်တဲ့ မြေ၊ မြေဩဇာကောင်းတဲ့မြေတွေ အများကြီး ရှိတယ်။ ငါးလုပ်ငန်းတွေ၊ ငါးမွေးတဲ့ လုပ်ငန်းတွေ ပြန်လည်တိုးတက်စေချင်တယ်။ ဖြစ်နိုင်ရင် စက်မှု ကုန်ချောထုတ်လုပ်တဲ့ အလုပ်အကိုင်အများကြီး ဖန်တီးပေးနိုင်တဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေလုပ်စေချင်တယ်။ ရခိုင် ပြည်နယ်က စစ်တွေဆိုရင် နိုင်ငံတကာဆိပ်ကမ်း ဆိုတော့ ရခိုင်ကမ်းရိုးတန်းမှာ ဆိပ်ကမ်းတွေ ပြန်ပြီး ဖြစ်စေချင်တယ်။ အဲဒါဆိုရင် စစ်တွေကနေ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားကို ချိတ်လို့ရတယ်။ နောက်အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် ပြည်နယ် က ဝိသာခါပါတနမ် (Visakhapatnam)နေရာ မျိုးကို ချိတ်လို့ရတယ်။ အရင်တုန်းက မက်ဒရစ်ကို ချိတ်လို့ ရတယ်။ အဲဒါမျိုးချိတ်ရင် ရခိုင်မှာ စီးပွားရေးအခွင့်အလမ်းက ပြန်ပြီးဖြစ်လာမယ်။ ဒီလူတွေလည်း အသုံးချလို့ရမယ်ဆိုတဲ့ သဘော မျိုး ဆွေးနွေးမှာပါ။

မနက်က ကိုဖီအာနန်ကော်မရှင်မှာပါတဲ့ Lord Darzi က ပြောသွားတာရှိတယ်။ International Community ကို မြန်မာနဲ့ဆက်ပြီး ပူးပေါင်းပါ။ ပူးပေါင်းတဲ့အခါ အထောက်အပံ့ တွေပေးပါ။ ဒါမှလည်း ရခိုင်ကတိုးတက်လာမယ်။ ရခိုင်တိုးတက်ရင် မြန်မာနိုင်ငံလည်း တိုးတက်လာ မယ်လို့ ပြောပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ သံတမန်တွေ တက်ရောက်လာတာကြောင့် သူတို့ အနေနဲ့ မြန်မာနိုင်ငံက ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာကိုဆက်ပြီး အကောင်အထည်ဖော် နေတယ်ဆိုတာ သူတို့ သိသွားမယ်။ ပြီးတဲ့အခါ သူတို့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် လုပ်နိုင်မယ့် အနေအထားမျိုးရှိလာမယ်။

ဒေါက်တာအောင်ထွန်းသက်
ညှိနှိုင်းရေးမှူးချုပ်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)

ရခိုင်ရဲ့ အရေးကြီးမဟာဗျူဟာကို ဖြေရှင်း နိုင်ဖို့ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်။ ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့သူနဲ့Lord အဖွဲ့တွေပါတယ်။ နောက် တိုင်းရင်းသားတွေပါတယ်။ ဒီကော်မရှင်ကြီး ဖွဲ့ပြီးတော့ ကော်မရှင်လုပ်ရပ်တွေအားလုံးကို အနှစ်ချုပ်အနေနဲ့ အချက်အလက်တွေ အကြံပြု ခဲ့တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီအကြံပြု ချက်တွေကို ပီပီပြင်ပြင်ဖြစ်အောင် အကောင် အထည်ဖော်တဲ့ကော်မတီဆိုပြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ ကော်မတီဖွဲ့ပြီး ဆောင်ရွက်တယ်။ အဲဒီလိုဆောင်ရွက်ချက်တွေကို ပြန်ပြီးသုံးသပ် တာကို ပြုလုပ်တဲ့ပွဲပါ။ အဲဒီလို သုံးသပ်တဲ့အခါ အရှိကို၊ အရှိတိုင်းသုံးသပ်ကြမယ်။ အကြံပြုတာတွေရှိမယ်။ လုပ်စရာတွေလိုသေးတာ ကျန်ဦးမယ်။ ကိုဖီအာနန်ရဲ့ ကော်မရှင်အကြံပြု ချက်ထဲမှာ ဒါတွေကို ပြန်လုပ်ဖို့ဆိုရင် အခြေခံ သုံးခုရှိတယ်။ လူသားချင်းစာနာမှုရယ်၊ ပြန်လည် နေရာချထားရေးရယ်၊ ရေရှည်အတွက် ဖွံ့ဖြိုးရေး ရယ်ဆိုပြီး လုပ်ရပ်သုံးခုကို အကောင်အထည် ဖော်ဖို့ပါ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က UEHRD ဆိုပြီး ဖွဲ့လိုက်တော့ ဆရာက ညှိနှိုင်းရေးမှူးချုပ် တာဝန်ယူထားတယ်။ အခုပွဲ မှာ UEHRD ရဲ့ လုပ်ရပ်တွေကို တင်ပြဖို့ရှိတယ်။ အဓိပ္ပာယ်က ဒီအကြံပေးတာတွေအားလုံးကို အစိုးရက တကယ် လိုလိုချင်ချင် ဘယ်လိုတုံ့ပြန် တယ်ဆိုတာ တင်ပြဖို့၊ ဆွေးနွေးဖို့ရှိတယ်။ အတွင်းပိုင်း၊ အပြင်ပိုင်း ဒီသုံးသပ်ချက်ကို မူတည် ပြီးတော့ ဆရာတို့ အားသာချက်တွေရှိမယ်။ လုပ်စရာတွေ ကျန်သေးတာတွေကို ဖော်ထုတ် မယ်။ အားသာချက်တွေကို အခြေခံပြီးတော့ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ၊ လုပ်စရာတွေကျန်သေးတာကို ဘယ်လိုကိုင်တွယ် မလဲဆိုတာ ဒါကတစ်ပိုင်း၊ ပြီးတော့မှ နိုင်ငံတကာ ကလည်း ဒါကို သိပြီးရင် ပြည်တွင်းမှာသာမက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဦးညီပု
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်

ရခိုင်ပြည်နယ်အတွက် ဒီကော်မရှင်က အများကြီးအထောက်အကူပြုပြီး အကျိုး ဖြစ်ထွန်းမယ်လို့ ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ မျှော်လင့်ပါတယ်။ ဒီကော်မရှင်အနေနဲ့ ပတ်သက် ပြီး အစီရင်ခံစာ အကောင်အထည်ဖော်ရေး အပိုင်းကလည်း နောက်ဆုံးအပိုင်းလောက်ဖြစ် လာပါပြီ။
ဒီအပေါ်အကောင်အထည်ဖော်ရေး အချက်အလက်တွေ၊ အကောင်အထည်ဖော်နိုင် တဲ့ လုပ်ငန်းတွေက တော်တော်အားရစရာ ကောင်းပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့သာမက နိုင်ငံတကာအမြင်နဲ့ ပတ်သက်လို့ ဒီအခြေအနေ တွေကို မှန်မှန်ကန်ကန်သိသွားတဲ့ အနေအထား ဖြစ်မယ်ဆိုရင် နိုင်ငံတကာအတွက် အင်မတန် ကောင်းတဲ့ အနေအထားတွေပါ။ ကျွန်တော်တို့ ပြည်နယ်အတွက် အားလုံးက ဒီထက်ပိုပြီးတော့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိသွားပြီး နောက်ထပ်လုပ်ရမယ့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ယခင်အနေအထားထက်ပိုပြီး ပြည်သူတွေရဲ့ လူမှုဘဝတွေကို ကောင်းမွန်တဲ့ အနေအထားတွေဖြစ်လာအောင် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင် ပိုပြီးကောင်းမွန် တဲ့ အနေအထားတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ဆွေးနွေးပွဲမှာ ထပ်မံညှိနှိုင်းတာတွေ ရှိလာနိုင်တဲ့ အနေအထား ရှိပါတယ်။ နောက်ဆုံးအနေနဲ့ အကောင်းဆုံး ဖြစ်အောင် အချောသပ်ပြီးတော့ အစီရင်ခံစာ အောင်မြင်တဲ့အနေအထားအထိ လုပ်ဆောင်ဖို့ပဲ ရှိပါတယ်။

ဦးကိုလေးဝင်း
ညွှန်ကြားရေးမှူးချုပ်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန

ရခိုင်ပြည်နယ်ရဲ့ ပညာရေးတိုးတက်ဖို့နဲ့ ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနက လုပ်ဆောင် နေတာတွေ အများကြီးရှိပါတယ်။ ကလေးတွေ အားလုံးပညာသင်ယူဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိ လာစေဖို့၊ ကလေးတွေ တစ်ဦးနဲ့တစ်ဦး ရင်းရင်း နှီးနှီး ချစ်ချစ်ခင်ခင် သင်ယူစေဖို့၊ ကျောင်းတွေ လိုအပ်ရင် ဆောက်လုပ်ပေးဖို့၊ အားကစားပစ္စည်း တွေ လိုအပ်ရင် ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ နောက် အဆင့်မြင့်ပညာကဏ္ဍမှာလည်း အဝေးသင်ပညာ ရေး ရုံးတွေဖွင့်လှစ်ပြီး ဘူးသီးတောင်၊မောင်တော၊ သက္ကယ်ပြင်နဲ့ သံတွဲမြို့တွေမှာ စီမံကိန်းတွေ လုပ်ဆောင်ပေးနေပါတယ်။

နောက်ပြီး နည်းပညာ၊ သက်မွေးပညာ လေ့ကျင့်ရေးနဲ့ ပတ်သက်ရင်လည်း ဒီဌာနတွေမှာ မော်တော်ယာဉ်ပြင်ဆင်ရေး၊ အင်ဂျင်စက်ပိုင်း ပြုပြင်ရေးနဲ့ ဂဟေဆော်သင်တန်းတွေ စတဲ့ အခြေခံလေ့ကျင့်သင်ကြားရေး လူထုအခြေပြု လုပ်ငန်းတွေအနေနဲ့ ဆောင်ရွက်နေပါတယ်။ အခြေခံကျတဲ့ ပညာရေးလုပ်ငန်းအနေနဲ့ စာတတ် မြောက်ရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပါတယ်။ ပညာရေးတိုးတက်ဖို့အနေနဲ့လည်း JICA ၊ နိပွန်ဖောင်ဒေးရှင်း စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လာမယ့် ဒီဇင်ဘာ ၁၅ ရက်အထိ ကျောင်းတွေဆောက်လုပ်တာ၊ အိမ်သာတွေ ဆောက်လုပ်တာတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအနေနဲ့ ရန်ပုံငွေတွေ ပိုပြီးရရှိအောင် လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ဒါတွေကို တင်ပြတဲ့အခါ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားသွားဖို့ ရှိပါတယ်။

ဒေါက်တာကိုကိုနိုင်
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဒီနေ့မနက်ပိုင်းမှာတော့ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီးတော့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဆွေးနွေးတာပါ။ ကျွန်တော့်အနေနဲ့ ကတော့ ခြုံငုံသုံးသပ်မှုအနေနဲ့ ဆွေးနွေးတယ်။ ကိုဖီအာနန်အစီရင်ခံစာမှာပါတဲ့ ၈၈ ချက်ထဲက ဘာတွေလုပ်နိုင်ခဲ့သလဲ။ ဘယ်အဆင့်အထိ ရောက်နေသလဲ။ ဒါတွေကို ကျွန်တော့်အနေနဲ့ ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပါတယ်။ ဒါတွေဟာလည်း ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားရမယ့် အလုပ် တွေပါ။ အကုန်လုံးကတော့ လက်ရှိဆောင်ရွက် နေတဲ့ လုပ်ငန်းစဉ်တွေပါပဲ။ ပါဝင်ဆွေးနွေး သူတွေရဲ့ အကြံပြုချက်တွေကိုလည်း မှတ်ထား ပါတယ်။ ဆက်လက်ဆွေးနွေးသွားမယ့် သီးခြား Section တွေလည်း ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုပေါင်းစည်းရေး၊ UEHRD အကြောင်းတွေကို ဆွေးနွေးကြမယ်။ ဒါတွေ အားလုံးဟာလည်း ပြန်လည်သုံးသပ်မှုလုပ်တာ ဆိုတော့ အကြံပြုတာတွေ ၊ မှတ်ချက်ပြုတာတွေကို ကြည့်ရမှာပါ။ ဒါမှလည်း ရှေ့ဆက်ပြီး ဘယ်လို လုပ်သွားရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားလို့ ရမှာပါ။ ရခိုင်အရေးက ကျွန်တော်တို့ တိုင်းပြည် အတွက် အရေးကြီးပါတယ်။ အားလုံးပါဝင်ကြ ရမှာပါ။ အခုဆွေးနွေးပွဲဟာ အကျိုးရှိမှာပါ။ ပါဝင် ဆွေးနွေးကြတဲ့ သူတွေကလည်း သူတို့ရဲ့နေရာတွေ အလိုက် အတွေ့အကြုံရှိတဲ့သူတွေပါ။ သူတို့တွေဆီ က မှတ်ချက်တွေ၊ အကြံပြုချက်တွေကို ကြိုဆို ရမှာပါ။

ဦးဝင်းမြ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ

ရခိုင်ကိစ္စ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု အနေအထားကို ဆွေးနွေးမှာဖြစ်တဲ့အတွက်ကြောင့် ဒီဆွေးနွေး ချက်ကနေပြီးတော့ နောက်ဆုံးဖြစ်ပေါ် တိုးတက် နေတဲ့ အခြေအနေတွေ၊ တကယ်လို့ အခက်အခဲ တွေရှိရင်လည်း အဲဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်ကြမယ်ဆိုတဲ့ အနေအထား တွေကို သိရှိနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ခြုံငုံသုံးသပ်မှု ဆွေးနွေးတဲ့ သူအနေနဲ့ ပါဝင်မှာပါ။ အဓိကဆွေးနွေးမယ့် သူကတော့ ဒေါက်တာကိုကိုနိုင်ပါ။ သူဆွေးနွေး သွားတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်က အခြေပြုဆွေးနွေးသွားရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဆွေးနွေးမှုရှိမှသာလျှင် ပြဿနာ တစ်ခုရဲ့ အဖြေကို ရနိုင်မှာဖြစ်တဲ့အတွက် ရလဒ်တစ်ခုရရေးအတွက် ဦးတည်သွားနိုင်လိမ့်မယ်လို့မြင်ပါတယ်။ အဲဒီသဘောနဲ့ပဲ ကျွန်တော် တို့လည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆွေးနွေး တယ်ဆိုရာမှာ အမြင်မျိုးစုံ ကိုသိရှိရတဲ့အတွက် ရလဒ်တစ်ခုကတော့ အမြဲရမှာပါ။ ဘယ်လောက် အတိုင်းအတာအထိရမယ် ဆိုတာကတော့ ဆွေးနွေးမှုတွေကို နားထောင်ပြီးမှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရလဒ် ကောင်း ရအောင်ဆိုတဲ့ သဘောနဲ့ လုပ်တာပဲ ဖြစ်ပါတယ်။

ဦးလွင်ဦး
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ဟာ ၁၉၇၂ ခုနှစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံလွတ်လပ်ရေး ရခဲ့တဲ့ အချိန်ကတည်းကစခဲ့တာပါ။ မြန်မာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို အသိ အမှတ်ပြုတဲ့ အစောဆုံးငါးနိုင်ငံထဲမှာပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်နိုင်ငံ မိတ်ဝတ်မပျက်ဆက်ဆံရေးနဲ့ သမိုင်းစဉ်တစ်လျှောက် တောက်လျှောက် ရင်းနှီး မှုရှိခဲ့တဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် စေဖို့ ကြိုးစားနေကြတယ်။ ဒီဆွေးနွေးပွဲကတော့ အခြားတစ်ဖက် ကလည်း အဓိကရှိနေတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဘယ်လိုနှစ်ဦး နှစ်ဖက် အကျိုးရှိစွာနဲ့ ချောချောမောမော ကျော်ဖြတ်နိုင်မလဲဆိုတာကို အဖြေရှာတာဖြစ် လို့ အထူးကို အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေ တဲ့ မြန်မာသံအမတ်ကြီးတစ်ဦးအနေနဲ့လည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကောင်းမွန် ပြီးတော့ ဒီထက်ပိုပြီး ကူးလူးဆက်ဆံမှုတွေရှိဖို့ အမြဲတမ်း ကြိုးစားသွားမှာဖြစ်ပါတယ်။

ဦးညီငြိမ်းအေး
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း
(UEHRD) စီမံခန့်ခွဲမှု အရာရှိချုပ်

ရခိုင်အရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံးကိစ္စ တစ်ခုထဲမှာ ပါပါတယ်။ အခုလို ဆွေးနွေးပွဲတွေ ကနေတစ်ဆင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဘယ်လိုတွေ လုပ်ဆောင်လို့ ရတယ်။ လူသားချင်းစာနာ ထောက်ပံ့မှုတွေ ဘယ်လိုဆောင်ရွက်လို့ ရတယ် ဆိုတာတွေ ပိုပြီးသိမြင်လာနိုင်ပါတယ်။ UEHRD ရဲ့ အဓိကဆောင်ရွက်မှု အပိုင်း ကတော့ လူသားချင်း စာနာထောက်ထားရေး၊ ပြန်လည်နေရာချထားရေး၊ ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ဖြစ်ပါတယ်။ အဲဒါတွေကို နိုင်ငံ တကာအဖွဲ့အစည်းတွေ၊ အခြားသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုး ပေါင်းစပ် ပြီး ကူညီဆောင်ရွက်လို့ရလဲဆိုတာကို ကျွန်တော် တို့က ကြိုးပမ်းနေတဲ့အခါမှာ အခုလို ပြန်လည်သုံးသပ်မှုတွေ လုပ်တဲ့အချိန်မှာ ဘာတွေဆက် လုပ်လို့ရတယ်ဆိုတာ လေ့လာပြီးတော့ ကျွန်တော်တို့ လုပ်ငန်းအစီအစဉ်တွေ ချသွားလို့ ရမှာဖြစ်ပါတယ်။ UEHRD မှာဆိုရင် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပေါင်းစပ်ထားပြီး ပူးတွဲ ဆောင်ရွက်နေတာပါ။ ဒါကြောင့် ရခိုင်ကိစ္စဟာ အစိုးရတစ်ခုတည်းတင် မဟုတ်ပါဘူး။ တိုင်းသူ ပြည်သားတွေနဲ့လည်း ဆိုင်တယ်။ ပုဂ္ဂလိကနဲ့ လည်းဆိုင်တယ်။ လူသားချင်းအနေနဲ့လည်း ဆိုင်တယ်။ ဒါကြောင့် လူသားချင်းစာနာ ထောက်ထားရေး၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး တွေကို လုပ်ခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အရာတွေ ဖြစ်ထွန်းလာလိမ့် မယ်လို့ မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း-ဝင်းစန္ဒီ၊ ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်