ရခိုင်ပြည်နယ်သို့ ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများ ပို့ဆောင်လှူဒါန်း

ရခိုင်ပြည်နယ်သို့ ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများ ပို့ဆောင်လှူဒါန်း

ရန်ကုန် သြဂုတ် ၂၉

 

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်များက ယနေ့တွင် ငွေကျပ် ၃၂၇၅ သိန်းတန်ဖိုးရှိ ပစ္စည်း ၁၆ မျိုးကို ပြည်နယ်အစိုးရထံသို့ မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့မှ အမ်းမြို့သို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မော်တော်ယာဉ်ဖြင့် ပို့ဆောင်သောပစ္စည်း ၁၆ မျိုးမှာ ‌ရော်ဘာလက်အိတ် အစုံ၂၀၀၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၅၂၂၀၊ နှာခေါင်းစည်း အခု ၃၈၅၄၅၀၊ (Ventillation Servo) 10 Units၊ အကာကွယ်မျက်မှန် အခု ၁၀၀၊ အဖျားတိုင်းစက် အခု ၁၀၀၊ လက်သန့်ဆေးရည်ဘူး ၁၀၀၀၀၊ ပိုးသတ်ဆေးပုံး ၂၀၀၊ Face Shield ၆၄၀၀၊ ဆပ်ပြာတုံးဖာ ၉၀၊ ကြာဆံအထုပ် ၃၀၊ အင်္ကျီ ၁၅၀၀၊ လုံချည် ၃၄၀၊ အဝတ်နှာခေါင်းစည်းအခု ၈၀၀၊ ပိုးသတ်ဆေးဖျန်းစက် နှစ်လုံး၊ ခွဲစိတ်ခန်းသုံး ဝတ်ရုံ Surgical Gown ၄၂၁ ထည်တို့အား မော်တော်ယာဉ်များဖြင့် သြဂုတ် ၃၀ ရက် နံနက်ပိုင်းမှ စတင်ထွက်ခွာကာ ရခိုင်ပြည်နယ် အမ်းမြို့နယ်အရောက် ပေးပို့လှူဒါန်းမည်ဖြစ်သည်။

 

အလှူရှင်များသည် ရခိုင်ပြည်နယ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှတစ်ဆင့် လှူဒါန်းရာ ယမန်နေ့က မင်္ဂလာခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။