ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး လူငယ်စင်တာဖွင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး လူငယ်စင်တာဖွင့်ပွဲတက်ရောက်

ကျောက်ဖြူ စက်တင်ဘာ ၉

ကျောက်ဖြူလူငယ် ကျွမ်းကျင်မှုသင်တန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း လူငယ်စင်တာဖွင့်ပွဲ အခမ်းအနားကို ကျောက်ဖြူမြို့နယ် ထွေအုပ်ရိပ်သာရှိ အစည်းအဝေးခန်းမ၌ စက်တင်ဘာ၉ရက် နံနက်၈နာရီခွဲက ကျင်းပသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက သင်တန်းတက်ရောက်သင်ကြားသည့် သင်တန်းသား သင်တန်းသူများအားလုံး ၄င်းတို့၏အနာဂတ် ၄င်းတို့ရဲ့ ဘဝအတွက် ရေရှည်အကျိုးရှိမှာ ဖြစ်ပါကြောင်း၊ လက်တွေ့လုပ်ငန်းခွင်များတွင်လည်း အကျိုးရှိနိုင်ရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပညာရေးကို အထူးအလေးထား ဦးစားပေးဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှပ်နှံမှုကို ရည်ရွယ်ချက်ကြီးကြီးမားမားဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ယခုလိုသင်တန်းမျိုးဟာ အလုပ်အကိုင်အခွင့်အလမ်းကို ဦးစားပေးသောသင်တန်းဖြစ်သည့်အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်နယ်အတွက် လိုအပ်သောလုပ်ငန်းများကို ဒီထက်မကဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် CITIC Consortium Authorized Representative Mr.Yuan Shaobin က ကျောက်ဖြူလူငယ်စင်တာ လှူဒါန်းရခြင်းနှင့် သင်တန်းများဖွင့်လှစ်ပေးရခြင်းသည် ကျောက်ဖြူလူငယ်များ၏ အခြေခံပညာရေးအရည်အချင်းနှင့် သက်မွေးဝမ်းကျောင်း အတတ်ပညာအဆင့်အတန်းကို မြှင့်တင်ပေးရန်၊ ကျောက်ဖြူဒေသတွင် ကျွမ်းကျင်မှုသင်တန်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ CITIC Consortiumအနေဖြင့် ဒေသခံများ၏ လိုအပ်ချက်များအရ သက်မွေးပညာသင်တန်းများကို ဆက်လက်ဦးစီး ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသခံနှင့် ပွင့်လင်းမြင်သာသော ချစ်ကြည်မှုဆက်ဆံရေးကို ထူထောင်နိုင်၍ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံများနှင့် လက်တွဲကြိုးပမ်းအားထုတ်သွားမည်ဟု ပြောကြားသည်။

ယင်းနောက် ကျောက်ဖြူမြို့အစိုးရရပ်ကွက်ရှိ CITIC Consortium မှ လှူဒါန်းတည်ဆောက်ထားသည့် ကျောက်ဖြူ လူငယ်စင်တာတွင် သင်တန်းသား သင်တန်းသူများအား သင်ကြားပြသနေမှုများ၊အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၃၂ဦးနှင့် အိမ်တွင်းလျှပ်စစ် သင်တန်းသား သင်တန်းသူ ၃၀ စုစုပေါင်း၆၂ဦးခန့် တက်ရောက်လျက် ရှိကာ အင်္ဂလိပ်စာသင်တန်းကို နှစ်လသင်ကြားသွားမည်ဖြစ်ရာ အိမ်တွင်းလျှပ်စစ်သင်တန်းကို ဩဂုတ် ၉ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။