ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

စစ်တွေ ဇွန် ၂

၂၀၁၉ ခုနှစ် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်မှ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများက အားကစားပြိုင်ပွဲပြကွက်များကို သရုပ်ပြတင်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ၈၀ ကီလိုတန်းတွင် ပထမဆုရရှိခဲ့သူ မောင်ခင်မောင်ကျော်၊ ၆၅ ကီလိုတန်းတွင် တတိယဆုရရှိခဲ့သူ မောင်ဇော်သိန်းနိုင်နှင့် ၆၅ ကီလိုတန်းတွင် တတိယဆုရရှိခဲ့သူ မောင်သန်းနိုင်တို့အား ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ် ကာယဗလ ဥက္ကဋ္ဌ ဦးသိန်းရွှေတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်