ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေဆေးရုံကြီး၌ ယာယီတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်နှင့်သူနာပြုများအား သွားရောက်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေဆေးရုံကြီး၌ ယာယီတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်နှင့်သူနာပြုများအား သွားရောက်တွေ့ဆုံ

 

စစ်တွေ ဩဂုတ် ၂၉

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေဆေးရုံကြီး၌ ယာယီတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်နှင့် သူနာပြုများအား သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးသန့်လူနာဆောင်များ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအတွက် သီးသန့်လူနာဆောင်တွင် ခုတင်များ ဖြည့်သွင်းတပ်ဆင်ဆောင်ရွက်နေမှုနှင့် သီးသန့်လူနာဆောင်အခန်း ဖွဲ့စည်းဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့က လိုက်လံရှင်းလင်းပြသကြသည်။

 

ထို့နောက် ဆေးရုံအုပ်ကြီးရုံးအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်” ယာယီ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန်၊ သူနာပြုများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တာဝန်အရမဟုတ်ဘဲ မိမိတို့၏ စေတနာမေတ္တာများဖြင့် လာရောက်ကူညီဆောင်ရွက်ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်ရေးနှင့် ဆေးဝါးများအတွက်လည်း ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်အားအပြည့်ဖြင့် လာရောက်ဆောင်ရွက်ပေးကြသည့်အတွက် မိမိတို့အတွက် စိတ်အား၊ ခွန်အားများဖြစ်ပါကြောင်း၊ ကျေးဇူးလည်းများစွာတင်ပါကြောင်း ပြောကြားပြီး “မိမိဆန္ဒအလျောက်” ယာယီတာဝန် ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများအတွက် ထောက်ပံ့ငွေကျပ် ၄၅ သိန်းအား ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ တက္ကသိုလ်(ဘုမေ)၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးသန့်လူနာဆောင်များပြုလုပ်မည့် အဆောင်များနှင့် အသွားအလာကန့်သတ် စောင့်ကြည့်သူများထားရှိရာ အဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါအသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေကြသည့် နိုင်ငံအနှံ့မှ စေတနာ့ဝန်ထမ်း လူငယ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။