ရသေ့တောင်မြို့နယ်အတွင်း AA အမာခံ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး၏ နေအိမ်မှ မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တံခွန်တိုင် ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်(ဘ)ဦးစောထွန်းသာ၏ နေအိမ်ကို သတင်းအရ လျှပ်တစ်ပြက် ဝင်ရောက်ရှာဖွေရာWY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅ ဘီလီယံခန့်)၊ ကြိုးဆွဲ လက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရန် အသုံးပြုသည့် ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘောစေ့များ ရောနှောထားသော ယမ်းထုပ် တစ်ပိဿာခန့် နှစ်ထုပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဦးစံသာကျော်နှင့် မိသားစုငါးဦးတို့မှာ ဩဂုတ် ၃ ရက် တပ်မတော် စစ်ကြောင်းများက ရသေ့တောင်မြို့နယ်အတွင်းရှိ ခြေရာတော်ဘုရား ပရိဝုဏ်နေရာတစ်ဝိုက် AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းကို သိမ်းပိုက်သည့်အချိန်နှင့် တစ်ပြိုင်တည်းနီးပါး နေရာဖော်ထုတ် ဆဲသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရပြီး သက်ဆိုင်ရာက ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျေးရွာသည် AA အဖွဲ့ဝင်များ အရပ်ဝတ်များဖြင့် မကြာခဏခိုလှုံနေကြောင်း သတင်းရရှိသည့် နေရာဖြစ်သည့်အပြင် ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးမှာလည်း AA အဖွဲ့၏ မြေပေါ်အမာခံ တစ်ဦးဖြစ်ပြီး တပ်မတော်စစ်ကြောင်းများအား အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်နေသူ တစ်ဦးဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိသည်။

၎င်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသည့် ငွေကျပ် ၅ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂ ဒသမ ၅ သန်း ခန့်မှာလည်း AA အဖွဲ့၏ လက်နက်/ခဲယမ်းနှင့် ရိက္ခာများ ဝယ်ယူရေးအတွက် ငွေကြေးရှာဖွေရန် AA အဖွဲ့က ပေးပို့ထားခြင်း ဖြစ်ကြောင်းနှင့် အခြားသိမ်းဆည်းရမိသည့် ကြိုးဆွဲ လက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး(အသစ်)တို့မှာလည်း AA အဖွဲ့ အတွက် လိုအပ်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ရေး ထိန်းသိမ်းထားရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။

တပ်မတော်စစ်ကြောင်းများက လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိုဝှက် ထားနိုင်မည့် နေရာများအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

သတင်းစဉ်