တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားသည့်အမှာစကား

လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာမှ ခေါင်းဆောင်ကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား-

ယခုလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသော (နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား အမှာစကားပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တက်ရောက်လာကြ သော ခေါင်းဆောင်ကြီးများ ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းများဖြင့် ရှိကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျက် ဦးစွာပြောကြားလိုပါတယ်။ ဤအခမ်း အနားသို့ NCA ကိုလက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတို့မှ စုံစုံလင်လင် တက်ရောက်ကြမည်ဟု မျှော်လင့်ထားကြသော်လည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့မှ တက်ရောက်လာနိုင်ခြင်းမရှိသည့်အပေါ် လွန်စွာမှ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ ()နှစ် ပြည့် လွန်မြောက်လာခဲ့ပြီး ဖြစ်ပါတယ်။
သို့သော်လည်း အခုထက်ထိ တိုးတက်မှု များများ စားစား မရရှိသေးတာက ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေ၊ မုန်းတီး မှုတွေ အားကောင်းနေသေးတယ်လို့ ကျွန်တော်မြင်မိ တယ်။ ကျွန်တော်တို့တစ်တွေဟာ ဘာကိုမယုံမကြည်ဖြစ် နေကြရတာလဲ၊ ဒါတွေကိုပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန် ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပုံဖော်အကောင်အထည် ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။

NCA စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့တိုင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအားလုံး ကို ချုပ်ငြိမ်းနိုင်စေရေးအတွက် နိုင်ငံရေးပြဿနာများ ကို စစ်ရေးဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်း စွာ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ဖြင့် ကနေဦးချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (MNSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ ဆက်လက်ပါဝင် လက်မှတ်ရေးထိုးခဲ့သည့်အတွက် ၁၀ ဖွဲ့ ရှိခဲ့ပြီးဖြစ်ပါ တယ်။

ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ဆိုသည့်အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဆောင်နိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ နိုင်ရေးအတွက် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများတို့မှလည်း NCA ကို လက်မှတ်ရေး ထိုးနိုင်ရန် အစိုးရမှသော်လည်းကောင်း၊ တပ်မတော်မှ သော်လည်းကောင်း၊ NCA ကို လက်မှတ်ရေးထိုးထားကြ သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများမှသော်လည်းကောင်း မိမိနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍမှ ကြိုးစားခဲ့ကြသော်လည်း ယနေ့ထိ ထပ်မံလက်မှတ်မရေးထိုးနိုင်သေးပါ။
ဒီအခြေအနေအပေါ် ကျွန်တော်တို့အားလုံးမှ ပြန်လည်သုံးသပ်ကြပြီး ကျန်ရှိနေသူများ NCA လက်မှတ် ရေးထိုးလာနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပူးပေါင်း ဆောင်ရွက်လုပ်ဆောင်ကြရမှာလည်းဖြစ်ပါတယ်။
သို့မှသာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ အနှစ်သာရကို ပေါ်လွင်စေမှာဖြစ် ပြီး မိမိတို့အားလုံးမှ တည်ဆောက်ချင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်
နိုင်ခြင်းဖြင့် နိုင်ငံရေးရလဒ်များကို ရရှိစေမှာဖြစ်ပါတယ်။

()နှစ်တာကာလအတွင်း NCA စာချုပ်၏ ဦးတည် ချက်နှင့် ရည်ရွယ်ချက်ကိုရောက်ရှိဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပေမယ့် NCA စာသားများအပေါ် တူညီသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မရရှိသေးသည့်အတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တို့တွင်လည်း မိမိတို့နားလည်ထားကြသည့် အဓိပ္ပာယ်အရ သာ အကောင်အထည်ဖော်နေကြသလို ဖြစ်နေပါတယ်။
အားလုံးတစ်သားတည်းကျတဲ့အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရတောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ တည်ဆောက်ချင်သောလမ်းကြောင်းကနေ တိမ်းစောင်း သွားနေသည့် အခြေအနေသို့ တွန်းပို့လာနေတယ်ဆိုတာ ကို ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းအချို့က သုံးသပ်ထားကြတာတွေရှိသလို ပါဝင်ပတ်သက်နေကြသည့် အစုအဖွဲ့တွေကြားမှာ မယုံ ကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ၊ အသာစီးရလိုမှုတွေ ရှိနေကြလို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မပြုလုပ်မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟာ ရပ်တန့်နေတာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် ကို အနှစ်သာရရှိရှိ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ လိုအပ် ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို ထားရှိကြပြီး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

အရေးကြီးသည့်အချက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေကြသည့် Stakeholder များအကြား ယုံကြည်မှုတည်ဆောက်ခြင်း ပဲဖြစ်ပါတယ်။ ယုံကြည်မှုရရှိရေးအတွက် ထင်သာမြင်သာရှိ သည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ဟာလည်း မဖြစ်မနေ ဖော်ပြလုပ်ဆောင်သွားပေးဖို့ လိုအပ်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် ပါဝင် ပတ်သက်နေကြသည့် Stakeholder များအကြားမှာ ကျွန်တော်တို့အားလုံးဟာ ဘုံနားလည်မှု၊ ဘုံရည်မှန်းချက် တွေကို ရယူထားခြင်းဖြင့် နည်းလမ်းများရှာဖွေနိုင်ကြမှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့တွေအနေနဲ့ NCA အရ သဘောတူထား ခဲ့ကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ တန်းတူညီမျှမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အခွင့်အရေးများ၊အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားနိုင်ရန်ဆိုသည့်အတိုင်း ဦးလည်မသုန်လုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးကြတဲ့ ကျွန်တော်တို့အားလုံးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည့်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်သွား ရန် အပြန်အလှန် သန္နိဋ္ဌာန်ချကြပါစို့။
ပါဝင်ပတ်သက်နေကြသော Stakeholder များ အကြား ယုံကြည်မှုတည်ဆောက်ရင်း ကျွန်တော်တို့ အားလုံးမှ အပြန်အလှန်လေးစားအသိအမှတ်ပြု၊ တန်ဖိုးထား မှုကို အခြေခံပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို စုပေါင်းတည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။