တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အမှာစကား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)
(၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အမှာစကား
 

ဒီကနေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိလိုအပ်ချက် ဖြစ်တဲ့ ပြည်တွင်းစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၄)နှစ်မြောက် နှစ်ပတ်လည် နေ့ပဲဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီး အမှူး ပြုတဲ့ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ နိုင်ငံ့ငြိမ်းချမ်းရေးအတွက် အဘက်ဘက်မှ ပါဝင် ဆောင်ရွက်နေကြတဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးနဲ့ အခမ်းအနား တက်ရောက်လာသူအားလုံး ငြိမ်းချမ်းသာယာရှိကြ၍ နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုးနဲ့ ငြိမ်းချမ်းရေး အကျိုး တို့ကို ဆတက်ထမ်းပိုး စည်းလုံးညီညွတ်စွာ ထမ်းဆောင် နိုင်ပါစေကြောင်း ဆန္ဒပြုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့ များဟာလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာဖြစ်ပါ လိမ့်မယ်။

ပြန်လည်အမှတ်ရစေဖို့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ချုပ်ဆိုခြင်း အခမ်းအနားတွေ ကျင်းပလာ တာ ဒီနှစ်နဲ့ဆို ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ အခမ်းအနား တိုင်းမှာ တာဝန်ရှိသူများက အမှာစကား၊ နှုတ်ခွန်းဆက် စကား အသီးသီးပြောကြပါတယ်။ ကျွန်တော့်အနေနဲ့ လည်း ယခင်အခမ်းအနား ၃ ကြိမ်မှာ နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပါတယ်။ ဒီနေ့မှာတော့ ယခင် ပြောခဲ့တဲ့ နှုတ်ခွန်းဆက်စကားတွေထဲက အရေးကြီးတဲ့ အချက်အချို့ကို ပြန်လည်အမှတ်ရစေဖို့ အဖွင့်အနေနဲ့ ပြောလိုပါတယ်။

ပထမဆုံးအခမ်းအနားမှာ ကျွန်တော့်အနေနဲ့ NCA စာချုပ် ဖြစ်ပေါ်လာပုံနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ကို အလေးပေးပြောကြားခဲ့ပါတယ်။ NCA စာချုပ် နဲ့ပတ်သက်လို့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး နိုင်ငံငြိမ်းချမ်းရေးအတွက် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခဲ့တဲ့အချိန်ကစတင်ပြီး NCA စာချုပ်ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အချိန်ကာလ လေးနှစ် ကျော် ကြာမြင့်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း အဆင့်ဆင့်ကို ညီညွတ်တဲ့ပေါင်းစည်းစွမ်းအားနဲ့ ကြိုးစားဖြတ်သန်းခဲ့ရပုံတွေကို ဆက်လက်လုပ်ဆောင် ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ခွန်အားတွေ ဖြစ်စေဖို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ခေတ်အဆက် ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ တပ်မတော်ရဲ့ “အသိတရား”နဲ့ လက်ရှိ ငြိမ်းချမ်းရေးတည် ဆောက်မှုခိုင်မြဲစေဖို့အတွက် လိုအပ်တဲ့ “အရှိတရား” ဖြစ်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ် အကြောင်းကို ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်နဲ့ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဖြစ်စေဖို့ လမ်းခင်းပေး ထားတာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါ တယ်။

ဒုတိယအခမ်းအနားမှာတော့ ပြည်သူလူထုတစ်ရပ် လုံးတောင်းဆိုခဲ့တဲ့ ယနေ့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို တပ်မတော်က လိုလို လားလား လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး ဒီလမ်းကြောင်းပေါ်မှာ အဆင်ပြေချောမွေ့စွာ လျှောက်လှမ်းနိုင်ဖို့ တပ်မတော် အစိုးရလက်ထက်ကတည်းက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကြိုတင်တည်ဆောက်မှုတွေ၊ ဆောင်ရွက် ခဲ့ပုံတွေ၊ NCA စာချုပ်ရဲ့ အရေးပါပုံများနဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ လိုတဲ့အကြောင်းတွေကို ပြည့်ပြည့် စုံစုံရှင်းပြခဲ့ပါတယ်။

တတိယအခမ်းအနားမှာတော့ အဲဒီအချိန်က သဘောထားကွဲလွဲနေတဲ့ “ခွဲမထွက်ရ”ဆိုတဲ့စကားရပ်နဲ့ ပတ်သက်ပြီး ဘာကြောင့် လိုအပ်တယ်ဆိုတဲ့အကြောင်း၊ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးကို ရှေးရှုပြီး ၂၀၁၅ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဇယား-၂ နဲ့ဇယား - ၅ တို့ကို ပြင်ဆင်ဖြည့်စွက်လုပ်ပိုင်ခွင့်တွေ ထပ်မံတိုးချဲ့ပုံများ၊ တပ်မတော်ရဲ့သမိုင်းနဲ့ တစ်ခုတည်း သော တပ်မတော်ကိစ္စတို့ကို နောက်ခံသမိုင်းကြောင်းများနဲ့ တကွ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပြောဆိုခဲ့ပါတယ်။ ဒါတွေကို ထပ်မံပြောပြရတာဟာ တပ်မတော်ရဲ့ NCA အပေါ်မှာ ရပ်တည်ချက်၊ ငြိမ်းချမ်းရေးအပေါ် သဘောထားနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အပေါ် အလေးအနက်ထားရှိမှုကို ပိုမိုပေါ်လွင်စေချင် လို့ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ NCA အပေါ်မှာပဲ ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေး

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့ အလိုလားဆုံးသူတွေကတော့ လက်နက်ကိုင်တိုက်ပွဲတွေ မှာ အသက်ခန္ဓာ စွန့်လွှတ်တိုက်ပွဲဝင်နေရတဲ့ တပ်မတော်သားတွေဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ လက်တွေ့အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ ထုတ်ပြန်ပြီး ပထမအကြိမ် ၄ လကျော်ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။ အဲဒီအချိန်မတိုင်မီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေး အင်အားစုအချို့၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအချို့က တပ်မတော်အနေနဲ့ သဘောထားကြီးစွာ အပစ်ရပ်ပေးသင့်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်ပေးရင် ငြိမ်းချမ်းရေးရရှိမယ် ဆိုပြီး အမြဲတမ်းပြောဆိုခဲ့ပါတယ်။ ကမ္ဘာမှာ ဘယ်မှာမှ မရှိခဲ့တဲ့ ဒီလိုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တပ်မတော် အနေနဲ့ လက်တွေ့ဆောင်ရွက်ပေးပြီး သက်သေပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လကာလအတွင်း အပစ်ရပ်သက်တမ်းတိုးပေးမှုနဲ့ ငြိမ်းချမ်းရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြဖို့ ထုတ်ပြန်ချက် ၄ ကြိမ် ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်တွေ့ ရလဒ်တွေက ဘာတွေဖြစ်လာတယ်ဆိုတာကို တစ်နိုင်ငံလုံး က တိုင်းရင်းသားပြည်သူလူထုအားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့တဲ့ စစ်တိုင်း ၅ တိုင်းနဲ့ အချို့ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိသလောက် လျော့နည်းသွားပေမယ့် အချို့ဒေသတွေမှာ EAO အချင်းချင်း နယ်မြေချဲ့ထွင် တိုက်ခိုက်မှုဖြစ်ခဲ့တာတွေ၊ ကြားထဲက ပြည်သူလူထု ဒုက္ခရောက်ရတာတွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့အချိန်ကာလကို အခွင့်ကောင်းယူပြီး အင်အားတည်ဆောက်၊ နယ်မြေတည်ဆောက်ခဲ့မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တာတွေကိုလည်း တွေ့ကြုံခဲ့ရပါတယ်။

ကာကွယ်ပေးနေ

ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ပြောရရင် ရခိုင် ပြည်နယ်ဟာ ယခင်ကတည်းက အဖြူရောင်နယ်မြေဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောဒေသမှာ ARSA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ဒေသခံ ရခိုင်၊ မြို၊ ခမီတို့အပါအဝင် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပါတယ်။ အဲဒီဒေသမှာ လူနည်းစုဖြစ်တဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်အနေနဲ့ များစွာ အရင်းအနှီးပေးပြီး ကာကွယ်ပေးခဲ့ရပါတယ်။ ARSA ကြောင့် မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေမှာ AA အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘူးသီးတောင်ဒေသက တိုင်းရင်းသားရွာတွေကို အကာအကွယ်ပေးနေတဲ့ အင်အားနည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းလေးခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ကျွန်တော်တို့ ဒီနေ့ ကျင့်သုံး တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ်နဲ့ လားလားမှ မသက်ဆိုင်၊ မထိုက်တန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်အနေနဲ့ လက်ပိုက် ကြည့်နေလို့မရပါဘူး။ တစ်ဖက်က အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားတွေကို ARSA ရန်က ကာကွယ်ပေးနေသလို၊ AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ကာကွယ်ပေးနေရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့တဲ့အပြင် လိုအပ်ပါက ထပ်မံဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင်ရှစ်ဦးပါ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေဟာ တိုင်းရင်းသားပြည်သူလူထုက မျှော်လင့်သလောက် ခရီးမပေါက်တဲ့အတွက်လည်း အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ ဇူလိုင်လ ၁ ရက်နေ့နဲ့ ဩဂုတ်လ ၁၄ ရက်နေ့တို့မှာ တိုက်တွန်း အသိပေးချက် နှစ်စောင်ထုတ်ပြန်ပြီး နှိုးဆော်ခဲ့ရပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က လမ်း၊ တံတား၊ မြို့၊ ရွာတွေကို နှောင့်ယှက်ဖျက်ဆီးခဲ့တာတွေ၊ ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်တွေ့ကြုံရပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ သူတို့တောင်းဆိုနေတဲ့ တိုင်းရင်းသား အခွင့်အရေးလားလို့ ပြန်ပြီးသုံးသပ်စရာတွေ ဖြစ်လာ ခဲ့ပါတယ်။

အခြေခံဇာစ်မြစ်

ကျွန်တော်တို့နိုင်ငံမှာ လက်ရှိတောက်လောင်နေဆဲဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရဲ့ ဇာစ်မြစ်ဟာ ယခင် ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့စနစ်ကြောင့်ဖြစ်ပါတယ်။ ဒီလို သွေးခွဲအုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများအထိ ဖြစ်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေး ကွဲပြားမှု၊ အယူဝါဒ ရေးကွဲပြားမှုတွေကတစ်ဆင့် အုပ်ချုပ်တဲ့အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်ခြင်းဟာ ယနေ့တိုင် တည်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အခြေခံဇာစ်မြစ်ပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ် ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းပီသစွာ ကာကွယ်ရခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ရှိနေဆဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ဘယ်လိုပေါ်ပေါက်ခဲ့တယ်။ ဘယ်လို အဖွဲ့အစည်းကနေ ဆင်းသက်လာခဲ့တယ်။ မူလပေါ်ပေါက်လာရတဲ့အကြောင်းအရင်းတွေက ဘာတွေ ဆိုတာ အဖွဲ့အစည်းတွေကိုယ်တိုင်က အသိဆုံးဖြစ်ပါ တယ်။

အတိတ်မှာ ဘာတွေဖြစ်ခဲ့သည်ဖြစ်စေ၊ ကျွန်တော် တို့အနေနဲ့ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်တင်နေ လို့ ပိုမိုတိုးတက်လာစရာ အကြောင်းမရှိပါဘူး။ လက်ရှိ ပစ္စုပ္ပန်ကာလ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက် ရာမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ တော်တော်များများ ပြောဆိုနေတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဦးစားပေးဖြေရှင်းသင့်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဒီလို ဦးစားပေးဖြေရှင်းမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမို မြန်ဆန်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ရာမှာ တိုင်းရင်းသား တွေရဲ့ အရေးကိစ္စကို ဦးစားပေးအဖြစ် အမြဲထည့်သွင်း ထားရှိပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ တိုင်းရင်း သားတွေရဲ့ တောင်းဆိုမှုကိုလည်း ဦးစားပေးစဉ်းစားဆောင်ရွက်သင့်တယ်လို့လည်း ယူဆပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီး မြင်တာက လက်တွေ့အလုပ်ဖြစ်နိုင်ပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ပင်လုံညီလာခံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ လွတ်လပ်ရေးရပြီးရင် ပြည်ထောင်စု ကို ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဦးစားပေးအနေနဲ့ နိုင်ငံရေးကို ဦးတည်ဆွေးနွေး တာဖြစ်ပါတယ်။ ယခု ကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ဦးဆုံး ဘယ်လိုရပ်တန့် ပစ်မလဲဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထား ဦးတည် ဆွေးနွေးတာဖြစ်ကြောင်း ကျွန်တော်တို့ သတိပြုရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာပဲ ဖြစ်ဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက် ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် တပ်မတော် အနေနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကိုသာ အမြဲရှေးရှု ဆောင်ရွက်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်ဟာလည်း ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ခေတ်ကာလအခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီး တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတိတ်ကိုလက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ လုပ်ငန်းစဉ်ကြီးပြီးမြောက်စရာမရှိပါဘူး။ ပိုမိုအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုစီးပွား ဘဝတည်ဆောက်နိုင်ဖို့ လက်ရှိပစ္စုပ္ပန်မှာရှိနေတဲ့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ယခင်က ဘာတွေမှားခဲ့ကြသလဲ၊ ဘာတွေလိုအပ်ချက်ရှိခဲ့ကြသလဲ ဒါတွေကို မှန်မှန်ကန်ကန်၊ အစွဲကင်းကင်းသုံးသပ် ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့စိတ်နဲ့ ရှေ့ကိုဆက်လုပ်သွားရင် ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်ပြီးမြောက်မယ်လို့ အကြံပြုပြောကြားလိုပါတယ်။ ဒီလို ဆွေးနွေးရာမှာ သံသယစိတ်နဲ့ အတ္တလိုလားချက်တွေ ကြီးမားလွန်းရင်လည်း ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုတွေမှာ မည်သို့မျှ မအောင်မြင်နိုင်ကြောင်း သတိပြုဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုအချို့ပြောနေကြတဲ့ ဖက်ဒရယ် စနစ်အကြောင်းကို ပြောလိုပါတယ်။ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး မိမိတို့လိုရာ၊ သန်ရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ဆောင်ရွက်နေကြတာတွေ့ ရပါတယ်။ ဘယ်လောက်ပဲ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ် တွေဖွင့်ဆိုပြီး စံနှုန်းအမျိုးမျိုး သတ်မှတ်ကြသည်ဖြစ်စေ အနှစ်သာရက “ပေါင်းစည်းခြင်း” (Together) နဲ့ “သဟဇာတဖြစ်မှု” (Hermony) ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းအဖြေရှာ

ကျွန်တော်တို့ အတူတကွပေါင်းစည်းနေထိုင်ဖို့၊ သဟဇာတဖြစ်ဖို့အတွက် လိုက်နာရမယ့် တာဝန်တွေ၊ စောင့်ထိန်းရမယ့် ဝတ္တရားတွေ၊ ဒီလိုနေထိုင်ခြင်းဖြင့် ရရှိလာမယ့် အခွင့်အရေးတွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော် တည်ဆောက်ကြရာမှာ အသေးစိတ် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ဒီမိုကရေစီ နည်းလမ်းဖြစ်တဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒီလို စေ့စပ်ညှိနှိုင်းအဖြေရှာရာမှာလည်း မိမိလူမျိုး၊ မိမိ ပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့အစည်းတစ်ခုတည်းအတွက်ကိုသာမကြည့်ဘဲ ပြည်ထောင်စုဆိုတဲ့အမြင်၊ We are Myanmar ဆိုတဲ့ တပေါင်းတစည်းတည်းစိတ်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှ အလုပ်ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့၊ ဒီအချိန်မှာ အင်အားစုတော်တော်များများက ညွှန်ပြပြောဆိုနေတဲ့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ပြီး ဆက်လက်ပြီးလည်း လေ့လာလျက်ရှိပါတယ်။ စာအုပ် စာတမ်းတွေက လေ့လာတာအပြင် ဒီစနစ်ကို ကျင့်သုံးနေ တဲ့ နိုင်ငံတွေကိုသွားရောက်ပြီး လက်တွေ့လေ့လာခဲ့ပါတယ်။ တွေ့ရှိတာက ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး။ အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ပြဋ္ဌာန်းထားမှု၊ လက်တွေ့ကျင့်သုံးနေမှုတွေက နိုင်ငံရဲ့ နောက်ခံသမိုင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ စုစည်းတည်ဆောက်ပုံနဲ့ အခြေအနေ၊ အချိန်အခါတွေအရ အမျိုးမျိုး ကွဲပြားမှုတွေရှိနေတာ တွေ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံနဲ့အနီးစပ်ဆုံး တူညီနိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုစနစ်ကို လက်တွေ့အောင်မြင်စွာ ကျင့်သုံးနေပုံနဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါ ဖက်ဒရယ် ဆိုတာ ခွဲထွက်ခွင့်မဟုတ်ကြောင်း၊ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဒေသပထဝီနဲ့ သင့်လျော်တဲ့ပုံစံကိုဆောင်ရွက်ကြရကြောင်း တွေ့ရှိရပါတယ်။ ဒီမိုကရေစီဖက်ဒရယ် စနစ်ဆိုရာမှာလည်း အများသဘောတူညီတဲ့ပုံစံနဲ့ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေအကြား အာဏာခွဲဝေကျင့်သုံးခြင်းပင် ဖြစ်ကြောင်းတွေ့ရပြီး ၎င်းကဲ့သို့ ခွဲဝေကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေပြုပိုင်ခွင့်ဇယားတွေနဲ့ တိကျစွာ သတ်မှတ်ထားရှိကြောင်း တွေ့ရှိရပါတယ်။

ပူးပေါင်းဆောင်ရွက်

ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားရမှာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ကိစ္စပါ၊ ဒီကိစ္စကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့၊ အဖြစ်နိုင်ဆုံးနည်းလမ်းရှာဖွေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဇယား (၁၊ ၂၊ ၃၊ ၅) ဥပဒေပြုစာရင်းတွေအတွက် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေက ဘာဥပဒေ တွေပြဋ္ဌာန်းခဲ့ကြပြီးပြီလဲ။ အဲဒီ ပြဋ္ဌာန်းပြီးဥပဒေ အပေါ်အခြေခံပြီး မိမိတိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လောက်ဆောင်ရွက်နေကြပြီလဲ ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ် အတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုစာရင်းတွေကို ထပ်မံ တိုးချဲ့လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့တဲ့အပေါ် လက်တွေ့မှာ ဘယ်လောက်အသုံးချနိုင်ပြီလဲ ပြန်လည်သုံးသပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တာပြင်ဆင်ထိုက်တာတွေကို ပကတိအခြေအနေနဲ့ကိုက်ညှိပြီး ပြင်ဆင်နိုင်ဖို့ဆောင်ရွက်လျက်ရှိနေသလို တပ်မတော်နဲ့ခံယူချက်၊ ယုံကြည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါတယ်။

အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေ၊ တာဝန်ရှိမှုတွေဟာ စာထဲမှာ ပြဋ္ဌာန်းလိုက်ရုံနဲ့ ပြီးပြည့်စုံသွားတဲ့ကိစ္စတွေမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက လက်တွေ့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်တည်ဆောက် သွားရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူကို ဗဟိုပြုတဲ့စနစ်ဖြစ်လို့ အဲဒီလို ဝိုင်းဝန်းကြိုးပမ်းတည်ဆောက် သွားနိုင်ရေး ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး အသိပညာ၊ အတတ်ပညာမြင့်မားဖို့ လိုအပ်ပါတယ်။

ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်

အသိပညာဆိုတာ ဘဝမှာတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေဖြစ်ပြီး အတတ်ပညာဆိုတာ သင်ယူရတဲ့ပညာ ဖြစ်ပါတယ်။ မိမိဖြတ်သန်းလာခဲ့ရတဲ့ အသိပညာတွေကို သင်ယူ တတ်‌မြောက်ထားတဲ့ အတတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ ဘယ်သူကမှ လာရောက်ကြိုးပမ်းပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၊ နိုင်ငံ သူ နိုင်ငံသားတွေကပဲ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်ပါ တယ်။
ဒီလိုဆောင်ရွက်ကြရာမှာ ကျွန်တော်တို့ဟာ မဖြစ်နိုင်တဲ့၊ နိုင်ငံရဲ့အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ဆန္ဒ တစ်ခုတည်းအပေါ် အာရုံစိုက်ဆောင်ရွက်နေမယ့်အစား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီသင့်လျော်တဲ့ ဖြစ်နိုင်ခြေတွေအပေါ်မှာ အာရုံစိုက်ဆောင်ရွက် တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ထိရောက် စေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာထက် ဇယား-၂၊ ၃ နဲ့ ၅ မှာ ကျွန်တော်တို့ ဘာတွေ ဖြည့်စွက်ပြင်ဆင်ပြီး ဘယ်လိုပြည့်စုံအောင် ဆောင်ရွက်ကြမလဲဆိုတဲ့ စဉ်းစားနည်းက ပိုမိုသဘာဝကျလိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှာမှ သီးသန့်လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်လျက်ရှိပါတယ်၊ အနည်းနဲ့အများသာ ကွာခြားပါတယ်။ ဒါဟာ အရှိတရားဖြစ်ပါတယ်။

ဒီအရှိ တရားအပေါ်မှာ အခြေခံပြီးစဉ်းစားရင် တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်တစ်ခုမှာ လူမျိုးစုတစ်ခုတည်းအတွက် ရည်ရွယ်ပြီး ဥပဒေပြဋ္ဌာန်းရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်သလဲဆိုတဲ့အဖြေကို စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေရှိပါတယ်။ တိုင်းရင်းသားနဲ့ နိုင်ငံသား မူလအခွင့်အရေးတွေ မတူကြပေမယ့် မြန်မာပြည်မှာနေပြီး မြန်မာစိတ်မွေး၍ တိုင်းပြည် ကောင်းရာကောင်းကျိုးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။

တပ်မတော်သားများအနေနဲ့ စစ်မှုထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အကျိုးပြုလျက်ရှိပါတယ်။ တပ်မတော်ဟာ နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုး လုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမှာဖြစ်ပါတယ်။ တိုင်းပြည်လုံခြုံအေးချမ်းမှုရှိမှသာလျှင် တိုင်းရင်းသား ပြည်သူအားလုံး၊ နိုင်ငံသားအားလုံး လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများရဲ့ လုပ်အားစစ်စစ်နဲ့ ထွက်လာတဲ့ ထုတ်ကုန်ပစ္စည်းများကို ရောင်းကုန်ပစ္စည်းအနေနဲ့ ဝင်ငွေတိုးတက်လာအောင်၊ ပြည်သူတို့ရဲ့ ဝယ်လိုအားတိုးတက်လာပြီး လူမှုစီးပွားတိုး တက်အောင် ဆောင်ရွက်ဖို့က ယနေ့ပကတိလိုအပ်ချက်ဖြစ် ပါတယ်။ ဒါတွေအတွက် တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကျေပွန်စွာထမ်း ဆောင်နေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း စစ်မှန်တဲ့ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တာဝန်တွေကို ပြည်သူလူထုနဲ့ နိုင်ငံ့အကျိုးစီးပွားအပေါ် ရှေးရှုပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-

- NCA စာချုပ်ကို ကျွန်တော်တို့အားလုံး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေးသမိုင်းမှာ မှတ်တိုင်သစ်စိုက်ထူခဲ့ကြတာကို ပြန်ပြောင်းသတိရပြီး ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးခရီးစဉ်အတွက် အားသစ်၊ အင်သစ်၊ အတွေးအမြင်သစ်တွေမွေးပြီး လျှောက်လှမ်း သွားကြပါ။
- နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်ကြရာမှာ ဟိုးယခင်ကရှိခဲ့တဲ့ အတွေးအမြင်တွေကို ခေတ်စနစ်နဲ့ လျော်ညီတဲ့ အတွေးအမြင်တွေနဲ့ အစားထိုးပြီး ရှေ့ဆက်လျှောက်လှမ်းကြပါ။
- ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာမှာ ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆိုတဲ့ ပြည်ထောင်စုစိတ်အရင်းခံပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ဆောင်ရွက်သွားကြရင် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ထိရောက်လျင်မြန်စွာ ဖော်ဆောင်သွားနိုင်မှာဖြစ်ကြောင်း တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။