တပ်မတော်က ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် စုံစမ်းစစ်ဆေးရေးခုံရုံးထံ အချက်အလက်များ ပေးပို့တင်ပြနိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်

တပ်မတော်က ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် စုံစမ်းစစ်ဆေးရေးခုံရုံးထံ အချက်အလက်များ ပေးပို့တင်ပြနိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်

နေပြည်တော် ဧပြီ ၂

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ထပ်မံစိစစ်အတည်ပြုရန် အဖွဲ့ဝင် သုံးဦးပါဝင်သော စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်မှ စတင်ကာ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးခုံရုံးအနေဖြင့် ဖြစ်စဉ်များနှင့်သက်ဆိုင်သော သက်သေခံချက်များ၊ မှတ်တမ်းဓာတ်ပုံ အထောက်အထား၊ အသံဖိုင်၊ ဗီဒီယိုဖိုင်အစရှိသည်တို့ကို စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ပေးပို့တင်ပြကြရန် ဖိတ်ခေါ်ထားကြောင်း။

အချက်အလက်များပေးပို့ရာတွင် ပေးပို့သူအမည်နှင့် အသေးစိတ်အချက်အလက်များ(လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အခြားသက်သေခံကတ်ပြားမိတ္တူ) ဖြစ်စဉ်များနှင့် သက်ဆိုင်သည့် သက်သေခိုင်လုံသော အထောက်အထား စာရွက်စာတမ်းများ၊ ဗီဒီယိုဖိုင်၊ အသံဖိုင်၊ မှတ်တမ်း ဓာတ်ပုံများကို ပူးတွဲ၍ အီးမေးလ်ဖြင့် ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ကြောင်း သိရသည်။

တင်ပြပေးပို့လာသည့် အချက်အလက်များ ခိုင်လုံမှုရှိစေရန်အတွက် လိုအပ်ပါက စုံစမ်းစစ်ဆေးရေးခုံရုံး၏ တွေ့ဆုံစိစစ်မှုများကို ခံယူရမည်ဖြစ်ပြီး လူကိုယ်တိုင်ထွက်ဆိုချက်ပေးလိုပါကလည်း အီးမေးလ်လိပ်စာ ndcadmdep@gmail.com နှင့် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့လိပ်စာများဖြစ်သည့် အုပ်ချုပ်မှုဌာန၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဇေယျာသီရိမြို့နယ်၊ နေပြည်တော်နှင့်စစ်ဗျူဟာအဖွဲ့ (အခြေချ) (ဘူးသီးတောင်)၊ ဘူးသီးတောင်မြို့တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Tags