Union Enterprise For Humanitarian Assistance Resettlement and Development in Rakhine (UEHRD) စီမံကိန်းနှင့် ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ကိစ္စရပ်များ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန် အောက်တိုဘာ ၂၁ 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)နှင့် ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ကိစ္စရပ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥက္ကဌအဖြစ်ဆောင်ရွက်သော UEHRD ကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း၊ လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိုမိုစည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများက မြင်သည့်အမြင်များသည် မိမိတို့နိုင်ငံ အတွက် နစ်နာမှုများရှိပါကြောင်း၊ နိုင်ငံတကာ အမြင်နှင့် ဖြစ်ပွားသည့် အဖြစ်အပျက် အရင်းအမြစ်ကို သေသေချာချာသိရှိဖို့ လိုကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ပြီး ထိုကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ ရခိုင်ြပည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးရှိပြည်သူများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း (HEHRD)ကို အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ UEHRDတွင် အချက်(၃)ချက်ပါဝင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ပက်သတ်၍ ပြည်တွင်းအင်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်နေရာ ချထားရေးကိုလည်း နိုင်ငံတော်အစိုးရက စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နောင်ဤကဲ့သို့ ပဋိပက္ခများ မဖြစ်ပွားစေရေး၊ ဥပဒေနှင့်အညီ နည်းလမ်း မှန်ကန်စွာဖြင့် နိုင်ငံတော်အစိုးရက စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူမှုအသိုက် အဝန်း နှစ်ရပ် အကြား လူမှုသဟဇာတ ဖြစ်စွာနေထိုင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ အင်အားကို ရယူဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးရာတွင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို ဖြေလျော့ပေးရန် အားပေးကူညီမှုများ လိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်းများ အတွင်း အေးချမ်း သာယာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာများ၏ အချက်အလက်များကို ကောက်ယူရန် လိုအပ်ကြောင်း ပြောကြားပြီး ဝန်ကြီးဌာနက ဆောင်ရွက်ထားရှိသည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပစ္စည်းများ ဖြန့်ဝေရေး စီစဉ် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့က UEHRD ၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေးတွင် ပါဝင်ကူညီ ဆောင်ရွက် နိုင်ရေး စီမံချက်ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘေးဒုက္ခ ခံစားနေရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို မိသားစုများ လက်ဝယ်အရောက် အဖွဲ့ တစ်ဖွဲ့လျှင်(၂၀)ဦးစီပါဝင်သော လူငယ်အဖွဲ့များ ဖွဲ့စည်း၍ တစ်ကြိမ်လျှင်ရက်(၂၀)ကြာ အလှည့်ကျ သွားရောက်လုပ်ငန်း ဆောင်ရွက် နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဧရာဝတီဖောင်ဒေးရှင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ်တာဝန်ခံများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး လူငယ်အဖွဲ့၊ Youth Social Group နှင်‌့ ရန်ကုန် တိုင်းမှ လူငယ်မူဝါဒရေးဆွဲခဲ့သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)